Tuesday, December 3, 2013

သင့်ကိုယ်သင် မြှင့်တင်ပါ

ခင်ဗျားဟာ ဖုန်းအသစ်လဲရာမှာ ခြေအိတ်အသစ်လဲတာထက် အကြိမ်တွေ များချင်များမယ်။ ပြီးတော့ ကွန်ပျူတာကိုလည်း တနှစ်တခါလောက် အဆင့်မြှင့်ချင်မြှင့်မယ်။ အဝတ်ဗီရိုကိုလည်း ရာသီအလိုက် အမျိုးမျိုးပြင်မယ်။ ဒါ့အပြင် ခင်ဗျားစီးနေတဲ့ ကားကိုလည်း ပိုကောင်းမယ်ထင်တဲ့ကားနဲ့ အလိုက်ပေးပြီး ၄-၅ နှစ် တခါလောက် လဲချင်လဲလိုက်ဦးမယ်။ ဒါပေမဲ့ မေးချင်ပါတယ်။ ခင်ဗျားကိုယ် ခင်ဗျားတော့ ယိုယွင်းကျဆင်းလာနေတာတွေကို ပြန်တက်လာအောင် ဆိုပြီး ဘယ်တုန်းကများ လုပ်ခဲ့ဖူးပါသလဲ။

အဲဒီလို ကိုယ့်ကိုယ်ကိုယ် ဦးခေါင်းမှ ခြေဖျားအထိ ဒီနှစ်မှာတော့ ပိုပြီး ကျန်းမာအောင် ချမ်းသာအောင်နဲ့ ပညာဉာဏ်တွေ တက်လာအောင် လုပ်ချင်ရင်လုပ်နိုင်စေမယ့် နည်းလမ်းကလေးတွေကို ဖတ်ကြည့်ပါ။ လုပ်လည်းလုပ်ကြည့်ပါ။ 

အသက်ပိုရှည်စေဖို့---
ကမ္ဘာတဝန်းမှာ လူ့သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၆၇-နှစ်သာ ရှိပါတယ်။ ဒါပေမဲ့ မကြာခင်မှာ အသက်တွေ ပိုပြီး ရှည်ရှည်နေနိုင်လာမယ့် အလားအလာတွေ ရှိနေပါတယ်။ အသက် ၁၅၀-ရောက်တဲ့အထိ ယိုင်ယဲ့ယဲ့နဲ့ မေ့မေ့လျော့လျော့တွေ မဖြစ်ဘဲ နေနိုင်ကြမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ ဒါဟာ နိုးနိုးကြားကြားနဲ့ သွက်သွက်လက်လက် လှုပ်ရှားပြီး နေနိုင်ကြမှာပါ။ ဒီသဘောကို “အသက်ကြီးရင့်မှုဆိုင်ရာ အဖွဲ့ကြီး”ရဲ့ သုတေသနပညာရှင်ဖြစ်သူ ဂျော့(ခ်ျ)၊ အက်စရော့(သ်) (George S. Roth)က ပြောပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာချမ်းသာစွာနဲ့ ပိုပြီး အသက်ရှည်ရှည်
နေသွားနိုင်စေမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။


ခပ်များများ လျှော့စားပါ---
ခပ်ဝဝဖြစ်နေတဲ့ ကိုယ်ခန္ဓာကို ချပ်ချပ်ရပ်ရပ် ဖြစ်သွားအောင် အလေးချိန် လျှော့ချတာဟာ (အနေတော်ရှိလျက်နဲ့ အရိုးပေါ် အရေတင်ဖြစ်အောင် အငတ်ခံခြင်းမဟုတ်) ရောဂါမဖြစ်စေဖို့ ကာကွယ်ပါတယ်။ ကာလိုရီ ထိန်းချုပ်ခြင်းဆိုတဲ့ စားတဲ့ပမာဏကို လျှော့ချပေးခြင်းဟာ အိုမင်းရင့်ရော်ခြင်း ကိုပင် တုံ့ဆိုင်းသွားစေနိုင်ဖွယ် ရှိပါတယ်။ ကြွက်များကို ကာလိုရီအလွန်နည်းတဲ့ အစားအစာတွေ
ကျွေးကြည့်တဲ့အခါမှာ ဆီးချိုမဖြစ်၊ အဝလွန်တာတွေ ဖြစ်မလာတော့ဘဲ သူတို့အထဲက အနည်းအကျဉ်းသာ ကင်ဆာဖြစ်ပါတယ်။ ဒါတွေဟာ ငြင်းလို့မရတဲ့ တွေ့ရှိချက်တွေ ဖြစ်ပါတယ်။


လူတွေမှာလည်း ဒီအတိုင်းပဲ ဖြစ်မယ်လို့ ကျုပ်တော့ ယုံကြည်တယ်-လို့ ဒေါက်တာရာဗတ်ဆန် (Dr. Ravussin, PHD, PROF at Pennington Biochemical Research Center in Baton Rouge, Louisiana) က ပြောပြပါတယ်။ သူ့ရဲ့ လေ့လာချက်အရ လူတွေဟာ ကယ်လိုရီစားသုံးမှုကို (၂၅)ရာခိုင်နှုန်း လျှော့ချလိုက်ရင် မျိုးရိုးဗီဇပျက်စီးမှုဟာ သာမန်ထက် လျော့သွားပြီး အင်ဆူလင် (Fasting Insulin) နဲ့ ကိုယ်အပူအချိန်ဟာ လျော့စေပါတယ်။ ဒီနှစ်မျိုးဟာ အသက်ရှည်ရေးနဲ့ ဆက်နွှယ်နေပါတယ်။ 

ကယ်လိုရီစားသုံးမှုကို ထိန်းချုပ်ရတာဟာ မလွယ်လှပါဘူး။ ခင်ဗျားအနေနဲ့ သာမန်ထက် 25% မှ 40%အထိ လျှော့စားရမှာပါ။ သကြားနဲ့ အဆီတွေ လျော့နည်းပြီး စားသမျှအစာတွေဟာ အာဟာရ အလွန်ပြည့်ဝတဲ့ အစာတွေ ဖြစ်ရပါလိမ့်မယ်။  ပုံမှန်ညစာဆိုရင် ဆာမွန်ငါး ၂-အောင်စ၊ ဘရိုကိုလီခေါ်တဲ့ အစိမ်းရောင် ပန်းဂေါ်ဖီ တမြောင်းနဲ့ ဂျုံကြမ်းခေါက်ဆွဲ တခွက်မှာ ခရမ်းချဉ်သီး နေလှန်းခြောက် ၆-ခု၊ ရှိတာကေမှို ၅-ပွင့်၊ စပဲဂက်တီ (အီတလီခေါက်ဆွဲ) ၁/၂ ခွက် ပါဝင်မှာပါ။


မိတ်ဆွေတွေဖွဲ့၊ အိမ်ထောင်ပြု၊ ခွေးတကောင်မွေး---
ဒါတွေက ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှုများ ဖြစ်ပါတယ်။ မိတ်ဆွေတွေ၊ မိသားစုတွေ၊ အိမ်နားနီးချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတာဟာ အသက်ကြီးလာတဲ့အခါမှာ ခင်ဗျားရဲ့ သွေးထဲမှာ လေဖြတ်, နှလုံးရောဂါ ဆိုတာတွေ မဖြစ်အောင် ကာကွယ်တတ်ကြပါတယ်။ 
အိမ်ထောင်ပြုလိုက်ခြင်းဟာလည်း ဇရာတားနည်း တမျိုးပါပဲ။ အိမ်ထောင်ပြုရင် ယောက်ျားများမှာ အသက် ၇-နှစ်လောက် ပိုရှည်တတ်ပြီး အမျိုးသမီးများမှာ ၃-နှစ်လောက် ပိုပြီး နေရတတ်ပါတယ်။ 
ခွေးတို့၊ ကြောင်တို့ မွေးတာဟာလည်း စိတ်ဖိစီးမှု လျော့စေပြီး သွေးတိုးကျစေတတ်ပါတယ်။ လေဖြတ်ပြီး မသေဘဲ ရှင်ကျန်သူများဆိုရင်လည်း သာမန်ထက် အသက်ပိုရှည်စေပါတယ်။ 

No comments:

Post a Comment