Thursday, June 19, 2014

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးအကြောင်း အပိုင်း (၁)





တည်နေရာ (ကိန်းဝပ်စမ္ပယ်တော်မှုရာဒေသ)
ရွှေနတ်တောင်စေတီတော်မြတ်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မယားမာန် ကျေးရွာအုပ်စုတွင် တင့်တယ်သပ္ပါယ်စွာ ကိန်းဝပ်စမ္ပယ်တော်မှုလျှက် ရှိပါသည်။ ရွှေတောင်မြို့မှ (၄)မိုင်အကွာ ကျီးသဲ၊ ညောင်စာရေးသွား ကားလမ်းဆုံရှိ ဒေ၀ါဂီရိ တောင်ထိပ်ပေါ်တွင် ရွှေရောင်တ၀င်းဝင်းဖြင့် အလွန်ကြည်ညို ဖွယ်ရာကောင်းလျက်ရှိပါသည်။
စေတီတော်မြတ်ကြီး၏ ယခုဖူးတွေ့ရသော ဉာဏ်တော်အမြင့်မှာ (၈၁)တောင် (၁)ထွာမြင့်ပါသည်။ (၁၂၆၁-ခုနှစ်၊ နယုန်လဆုတ် ၁၂ရက်နေ့တွင် ရေးသားမှတ်တမ်းတင်ခဲ့သည့် ဂေါပကအဖွဲ့ဝင် ဦးခိုင်၏ လက်ရေးမှု မှတ်တမ်းအရ ကိုက်တောင်ဟု မှတ်တမ်းတင်ခဲ့ပါသည်။
စေတီတော်ကြီး၏ ပတ်လည်တွင် စေတီရံ(၈၁)ဆူ၊ ကနက္ကဒဏ်ထီးတိုင်(၁၄)တိုင်၊ ရွှေပန်းခိုင်(၁၅)ခိုင်၊ ကြေးခေါင်းလောင်း(၁၉)လုံး၊ စောင်းတန်း(၄)သွယ်၊ အာရုံခံ တန်စောင်းငယ်(၄)ခုတို့ ရှိကြပါသည်။
စေတီတော်မြတ်ကြီး၏ သမိုင်းကို မဖော်ပြမီ စေတီတော်မြတ်ကြီး ကိန်းဝပ်စမ္ပယ်တော်မှုရာ မြို့နယ်ဖြစ်သည့် ရွှေတောင်မြို့ကို ဦးစွာဖော်ပြလိုပါသည်။
''ဗုဒ္ဓဂေါတမ နတ်တောင်သို့ ကြွတော်မှုခြင်း" (အပိုင်း ၁)
          မဟာသက္ကရာဇ်(၁၀၃)ခုနှစ်တွင် သိဒ္ဓတ္တမင်းသား ဘုရားဖြစ်တော်မှုပြီးနောက် ဒုတိယ၀ါဆို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ ၀ါဆိုတော်မှု၏။ မြတ်စွာဘုရားသည် ရွှေဉာဏ်တော် ကွန်ယက်ကို ဖြန့်ကျက်တော်မှုသည့်အခါ ကဉ္စနာဂီရိ နိဂုံးကြီးနှင့် ဒေ၀ါရီတောင်ရှိ ဆွေတော်မျိုးတော်အပေါင်းတို့ကို မြင်တော်မှုလေသည်။ ဆွေတော်မျိုးတော်တို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ ချမ်းသာသုခ ရကြလိမ့်မည်ကိုလည်းကောင်း။ ဗုဒ္ဓသာသနာ အဓွန့်ရှည်စွာ တည်တံ့မည်ကိုလည်းကောင်း၊ မြင်တော်မှုပါသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် နောက်လိုက်သံဃာမပါဘဲတစ်ပါးတည်း ဒေ၀ါဂီရိနတ်တောင်သို့ မဟာသက္ကရာဇ် (၁၀၄)ခုနှစ် (ဘီစီ - ၅၈၇)တွင် ကြွတော်မှုပါသည်။
          ထိုအချိန်က မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာကျယ်ပြန့်စွာ မထွန်းကားသေးသည့်အပြင် နိဂုံးသူ နိဂုံးသားတို့သည် နတ်ကိုးကွယ်သည့်အလေ့အထ အကျင့်စရိုက်သာ ရှိကြသဖြင့် မြတ်စွာဘုရားသည် နတ်သားအသွင် ဖန်ဆင်းတော်မှုပြီး ကြွတော်မှုခဲ့ပါသည်။ နတ်တောင်သို့ရောက်တော်မှုသောအခါ သိကြားမင်း  ဖန်ဆင်းခင်းထားအပ်သော ရတနာပလ္လင်ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ သီတင်းသုံးနေတော်မှု၏။ ထိုနေ့ည နတ်ပြည်ခြောက်ထပ်၌ နေကြကုန်သော နတ်ဗြဟ္မာတို့ကို တရားရေအေးတိုက်ကျွေးတော်မှုပြီး ခြောက်ပါးသော ရောင်ချည်တော်တို့ ကွန့်မြူးတော်မှုရာ အရပ်ရှစ်မျက်နှာတွင်တလျက်လျက်ဖြင့် ထွန်းလင်း၍ ဒေ၀ါဂီရိတစ်တောင်လုံး လင်းထိန်လျက်ရှိပါသည်။
      
    နောက်တစ်နေ့နံနက်၌ အနီးဝန်းကျင်ရှိ နိဂုံးသူ၊ နိဂုံးသားတို့ တောင်ထက်သို့ တက်ရောက်ကြည့်ရူကြရာ ပလ္လင်ထက်၌ ဇမ္ဗူရာဇ် ရွှေအဆင်းကဲ့သို့ ၀ါဝင်းတောက်ပြောင် ထွန်းလင်းလျှက်ရှိသော နတ်သားအသွင်နှင့် ဘုရားရှင်ကို ဖူးမြင်ကြ၍ ရွှေအဆင်းတောက်ပနေသော နတ်မင်းကြီးဟုပင်ထင်မှတ်ကြလျှက် ရှိခိုးပူဇော်ကြကုန်၏ ထိုအချိန်မှစ၍ နတ်တောင်ဟုခေါ်ဝေါ်ခြင်း မပြုကြတော့ဘဲ ရွှေနတ်တောင် ဟုပြောင်းလဲခေါ်ဝေါ်ကြကုန်၏ လူတို့သည် မြတ်စွာဘုရားနတ်သားအားညီညာဖြဖြရှိခိုးကြပြီး တောင်စောင့်နတ်ကြီးအမှတ်နှင့်ပင် ပူဇော်ကြလေသည်။ မြတ်စွာဘုရားသည် နတ်သားအသွင်ဖြင့်(၇)ရက်ပတ်လုံး တရားဓမ္မများကို ဟောပြောဆုံးမတော်မှုလေသည်။ တရားဒေသနာများ နာကြားကြပြီး အချို့သောပရိသတ်တို့မှာ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလတို့၌ မြဲကြကုန်၏။ နတ်ဗြဟ္မာအများတို့မှာလည်း တရားတော်၌ ထိုက်သည့်အားလျော်စွာ တည်ကြကုန်၏

No comments:

Post a Comment