Tuesday, June 24, 2014

ပိတ်ချင်းမြောင် မဟာနန္ဒမှုလိုဏ်ဂူတော်အကြောင်း



ပိတ်ချင်းမြောင်လိုဏ်ဂူတော်သည် ပြင်ဦးလွင်မြို့အရှေ့ဖက်(၁၃)မိုင်အကွာ မြေပုံညွန်းအမှတ် G-188783တွင်တည်ရှိပြီး လိုဏ်ဂူအ၀အကျယ်ပေ(၂၀)ခန့်နှင့်အတွင်းတွင် (၁၆၀၀)ကျော်ရှည်လျားသည့် သမိုင်းဝင်ဘုရားလိုဏ်ဂူတော်ကြီးဖြစ်ပါသည်။ လိုဏ်ဂူတော်အတွင်းရှိ ကျောက်များဖြစ်ပေါ်ချိန်က လိုဏ်ဂူဖြစ်ပေါ်ရာဒေသသည် ပင်လယ်ရေအောက်မှာပင်ရှိခဲ့ပြီး ပင်လယ်မှထုံးကျောက်များစုပုံ၍ ဂူဖြစ်စေခဲ့ခြင်းဖြစ်ပါသည်။ လိုဏ်ဂူတော်အလျားမှာ(၁၆၀၈)ပေရှိ၍အမြင့်ဆုံးနေရာမှာ (၄၀)ပေရှိပြီး၊ အနိမ့်ဆုံးနေရာမှာ(၅)ပေရှိပြီး၊ အကျယ်ဆုံးနေရာမှာ(၃၀)ပေခန့်ရှိပြီး အကျဉ်းဆုံးနေရာမှာ(၄)ပေခန့်ရှိပါသည်။ လွန်ခဲ့သောနှစ်သန်းပေါင်း(၂၅၀)နှင့်(၃၁၀)ကြားမှဖြစ်ပေါ်တည်ရှိခဲ့သည်ဟုပညာရှင်များမှယူဆကြသည့်ထုံးကျောက်ပန်းခက်ပန်းဆွဲများနှင့် ကျောက်သားနံရံများကိုတွေ့မြင်ရမှာပါ၊ လိုဏ်ဂူတော်အပြင်ဘက်ရှိ စိတ္တသုခဓမ္မာရုံအနီးတွင် ပူဇော်ထားရှိသောနဂါးရုံဘုရားနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားများကိုဖူးတွေ့နိုင်မှာဖြစ်ပြီး ဒီပင်္ကရာမြတ်စွာဘုရားမှသုမေဓါရှင်ရသေ့အား နောင်ဘဒ္ဒကမ္ဘာတွင်ဘုရားဖြစ်တော်မှုမည်ဟု ဗျာဒိတ်ပေးတော်မှုဟန်ရုပ်ပွားတော်များကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်၊ မဟာနန္ဒမှုလိုဏ်ဂူတော်သို့ လာရောက်ဖူးမျှော်သူများမှာများလှပါတယ်၊ မဟာနန္ဒမှုလိုဏ်ဂူတော်ရှေ့တွင် ရေတံခွန်ကို တွေ့မြင်ရမှာဖြစ်ပြီး ရေကိုထိတွေ့လိုက်ပါကအေးမြတဲ့ခံစားချက်ကိုရစေမှာပါ ရေကစားသူများကိုလည်းတွေ့မြင်ရမှာဖြစ်ပြီး ပျော်ရွှင်မှုကိုခံစားနိုင်မှာပါ၊ လိုဏ်ဂူတော်အ၀င်ဝရှိကျောက်ခက်ပန်းဆွဲများနှင့် ပဉ္စ၀ဂ္ဂီငါးဦးအားမြတ်စွာဘုရားမှ တရားဦးဟောတော်မှုဟန်ရုပ်ပွားတော်ကိုဖူးတွေ့နိုင်ပါတယ်၊ သဘာဝမှဖြစ်လာတဲ့ ကျောက်ခက်ပန်းဆွဲများကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်၊ လိုဏ်ဂူတော်အ၀င်ဝမှပလာစတာနဂါးရုံဘုရားနှင့် ကျောက်သားစစ်စစ်နဂါးရုံဘုရားကိုလည်းဖူးတွေ့ရမှာဖြစ်ပါတယ်၊ အများပြည်သူလှူဒါန်းထားရှိပူဇော်ထားသော ဘုရားဆင်းတုတော်များကိုလည်းဖူးမျှော်ရမှာပါ၊
လိုဏ်ဂူတော်အတွင်းမှ ရေအိုင်ထဲတွင်ကျက်စားနေသော သဘာဝငါးများကိုလည်းတွေ့မြင်ရမှာပါ၊ ဥာဏ်တော်(၉)ပေရှိလျောင်းတော်မှုရုပ်ပွားတော်ကိုလည်းဖူးတွေ့နိုင်မှာပါ၊ ဥာဏ်တော်(၉)တောင်ပြည့်စေတီတော်တစ်ဆူကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်၊ လွန်ခဲ့သည့်နှစ်သန်းပေါင်း(၂၅၀)နှင့်(၃၁၀)အတွင်း သက်ဦးကပ်အကုန်ခန့်၌ ရှမ်းတနသာင်္ရီဒေသတွင် တိုက်ဖြတ်လှုပ်ရှားမှုများရှိခဲ့၍ လိုဏ်ဂူရှိရာဒေသမှာ ပင်လယ်ရေအောက်မှကုန်းမြေအဖြစ် စတင်ကြွတက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍ ကုန်းမြေအဖြစ်ရောက်ရှိနေပြီဖြစ်သော ကျောက်များကို မိုးရေစီးကြောင်းများအားဖြင့် ဓါတုဓါတ်ခြေခြင်းများပြုလုပ်ကာလိုဏ်ဂူဖြစ်ပေါ်ခြင်းကိုစတင်စေခဲ့ပါသည်။ ထို့ကြောင့်လိုဏ်ဂူတော်အတွင်းရှိကျောက်များ၏ သက်တမ်းမှာလွန်ခဲ့သောနှစ်သန်းပေါင်း(၃၄၅)မှ(၃၉၅)အတွင်းရှိပြီး လိုဏ်ဂူ၏ဖြစ်ပေါ်မှုသက်တမ်းမှာ ကာဗွန်နိဖဲရပ်ယုဂ်နောက်ပိုင်းမှ ပါမီရာမ်ယုဂ်အကုန်ထိ လွန်းခဲ့သောနှစ်သန်းပေါင်း(၃၁၀)အတွင်းကလိုဏ်ဂူဖြစ်မှုစတင်ခဲ့သည်ဟုယူဆရပါသည်။ လိုဏ်ဂူတော်ကြီးမှာပြတ်ရွေ့ကြောကြီးများမှတဆင့်ဖြစ်ပေါ်လာသည့်ကျောက်ဂူဖြစ်ပြီး ထုံးကျောက်၊ကျောက်စက်ရေများကြောင့် ကျောက်ခက်ပန်းဆွဲများလှပစွာဖြစ်ပေါ်စေခဲ့ပါသည်။ လိုဏ်ဂူအတွင်းရှိစမ်းချောင်းမှာသဘာဝအလျောက်နေရာအနှံ့အပြားမှထွက်ရှိနေသည့် မြေအောက်ရေထွက်စမ်းများ၊ စိမ့်ရေထွက်ပေါက်များစုစည်းပြီးဖြစ်ပေါ်လာသည့် မြေအောက်စမ်းချောင်းဖြစ်ပါသည်။ ပိတ်ချင်းမြောင်ပတ်ဝန်းကျင်သည် တောင်ပတ်လည်ဝိုင်းပြီးဒယ်အိုးမြေအနေအထားတွင်ရှိသည့်အပြင် ပိတ်ချင်းမြောင်၊၀က်လူးမြောင်၊တရော်မြောင်ဟူ၍ မြောင်သုံးမြောင်၊ ရေလမ်းတောင်၊ ၀ါးမျှင်တောင်၊ တောင်ချောင်းတောင် ဟူ၍တောင်သုံးလုံး၊ သုံးဆင့်ရေတံခွန်၊ငါးတွင်းကြီးရေတံခွန် ရေသရောက်ရေတံခွန်ဟူ၍ ရေတံခွန်သုံးခု၊ ဂဲလောင်းချောင်း၊ ပိတ်ချင်းချောင်း၊ ငုတ်တွင်းချောင်းဟူ၍ ချောင်းသုံချောင်း၊ ငါးတွင်းကြီး၊ ငါးတွင်းလေး၊ စနိတ်တွင်းဟူ၍တွင်းသုံးတွင်း၊ နှစ်ထပ်ဂူ၊ ပိတ်ချင်းဂူ၊ကျားပါးစပ်ဂူဟူ၍ဂူသုံးလုံး၊ နတ်ကမ်းပါးချောက်၊ကျိုက်ထီးရိုးချောက်၊ရေသရောက်ဟူ၍ ချောက်သုံးချောက် စသည်တို့ဖြင့် သုံးမျိုးသုံးသဘာဝအသွင်အမျိုးမျိုးစုစည်းပေါင်းဆုံရာမြေဖြစ်ပါသည်။ ရာဇ၀င်အရ ဘုရားရှင်လက်ထက်တွင် ဘုရားရှင်ကိုယ်တော်တိုင် ဝေလ္လဗေ၀တောင်တော် ပြင်ဦးလွင်ဒေသသို့ ဒေသစာရီကြွတော်မှုလာစဉ် ဝေလ္လဗေ၀တောင်အနီးနေတောင်ယာခင်းရှင်စိန္တာပါလလုလင်မှ သစ်သီးဆွမ်းကပ်လှူခဲ့ရာ ဘုရားရှင်၏ဗျာဒိတ်တော်နှင့်ကိုက်ညီမည့်နေရာဒေသတွင် သာသနာတော်ပွင့်လန်းလာမည်ဖြစ်၍ ယင်းမြေနေရာကိုရှာဖွေခဲ့ပါသည်။ ''ဗျာဒိတ်တော်''ကတော့ ချောင်း၊ ချောက်၊ ဂူ၊ မြောင်၊ သုံးတွင်းတောင်၊ သုံးအောင်ရေတံခွန်၊ ကံထူးထွဋ်ခေါင်ပိတ်ချင်းမြောင် အောင်မြေနတ်လမ်းညွန် ဟုဆိုသည့်အတိုင်းယင်းမြေနေရာလိုဏ်ဂူကို စိန္တာပါလလုလင်မှတွေ့ရှိခဲ့ပြီးနောက် လိုဏ်ဂူအတွင်းဘုရားတည်ရန် ရည်သန်ခဲ့ပါသည်။ သို့သော်လိုဏ်ဂူအတွင်းနျင့်အနီးပတ်ဝန်းကျင်တွင် ကျက်စားနေထိုင်သော နဂါးမင်းမောင်နှမအားကျော်လွန်၍လိုဏ်ဂူအတွင်းဝင်ရောက်ရန်မတတ်နိုင်ခဲ့ကြောင်း ကြားသိခဲ့ရပါသည်။ နဂါးမင်းမောင်နှမအနက်နှမတော်နဂါးမနှင့်စိန္တာပါလလုလင်တို့ ရည်ငံခဲ့ကြပါသည်။ မောင်နော်နဂါးမင်းမှသိရှိ၍ စိန္တာပါလလုလင်အားပိတ်ချင်းမြောင်ရှိုအထိပင်ဝင်ခွင့်မပေးတော့ပါ။ တရားဓမ္မနှင့်မွေ့လျော်သောနဂါးမင်းဖြစ်၍ စိန္တာပါလုလင်အားအန္တရာယ်မပြုခဲ့ပါပေ။ သို့ဖြစ်၍ လူသားစိန္တာပါလုလင်သည်ရသေ့အသွင်ဖြင့် ဂူလွင်ပြင်နှင့်မလှမ်းမကမ်းတွင် တောရကျောင်းဆောက်တည်နေထိုင်သီတင်းသုံးခဲ့ပါသည်။ တောအတွင်းမှရရှိသည့်ကျွန်းအမြုတေဖြင့်ဘုရားရုပ်ပွားတော်မြတ်သုံးဆူထုလုပ်၍ ဂူအတွင်း၌တည်ထားကိုးကွယ်ရန်နဂါးမင်းအားပေးအပ်ခဲ့ပါကြောင်းသိရှိရပါသည်။ ထို့အပြင်အနော်ရထာမင်း၏မိဖုရား စောမွန်လှသည်ပေါက္ကံပြည်မှအပြန်ဝေလ္လဗေ၀တောင်အနီးတွင် စို့စကိုင်းခေါ်သက်တန့်ရောင်စုံအကွေးအဆုံးနေရာမှ၊ ရောင်ခြည်တော်အစုံကွန့်မြူးနေကြောင်းတွေ့ရှိရသဖြင့်အကြောင်းစုံသိရှိရန်ကိုယ်ရံတော်ဖြစ်သူ မောင်တော်စပ်နောင်လှအား ဓါတ်တော်မွေတော်များ၊ ရဟန္တာဓါတ်တော်များပေး၍စေလွှတ်ခဲ့ပါသည်။ ကိုယ်ရံတော်စ၀်နောင်လှမှသွားရောက်ကြည့်ရှုရာလိုဏ်ဂူတော်အတွင်းရှိရုပ်ပွားတော်များမှရောင်ခြည်တော်ကွန့်မြူးနေသည်ကိုတွေ့မြင်ခဲ့ရပါသည်။ စ၀်နောင်လှနှင့်အဖွဲ့၎င်းတို့ယူဆောင်လာသည့်ဓါတ်တော်မွေတော်များကို ရုပ်ပွားတော်သုံးဆူအတွင်းဋ္ဌာပနာ၍ ကျန်ဓါတ်တော်မွေတော်များနှင့်ရဟန္တာဓါတ်တော်များကို ဂူအတွင်းအမြင့်ဆုံး(၃)ထပ်တွင်ဋ္ဌာပနာထားခဲ့သည်ဟုမှတ်သားရပါသည်။ နှစ်များကြာမြင့်၍ဓါတ်တော်မွေတော်များရှာဖွေရန်ခက်ခဲသော်လည်း ရဟန္တာဓါတ်တော်များပြန်လည်တွေ့ရှိရပြီး မောင်နော်နဂါးမင်းသုံးခွေအုပ်မိုးသည့် ဗုဒ္ဒရုပ်ပွားတော်တွင်ဋ္ဌာပနာတည်ထားကိုးကွယ်ခဲ့ပါသည်။ ယခင်ရှိပြီး ကျွန်းအမြုတေရုပ်ပွားတော်များအား ကိုးတောင်ပြည့်ကံထူထွဋ်ခေါင်ရွှေစေတီနှင့်(၁၈)တောင်ပြည့်ကံထူတံခွန်စေတီတော်တို့တွင်ဋ္ဌာပနာ၍တည်ထားကိုးကွယ်ခဲ့ပါသည်။ အောင်မြေဌာနသည်ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ၏ နောက်ဆုံးပေါင်းကူးရာနေရာဖြစ်ကြောင်းနှင့်အောင်မြေတ၀ိုက်တွင်အစွမ်းထက်မြက်သည့်ဆေးဖက်ဝင်ဥ၊ သစ်ဖုများပေါများလှပါသည်။ ရံဖန်ရံခါဝတ်ဖြူစင်ကြယ်ဝတ်သူတော်စင်များနှင့်ဂူစောင့်နဂါးမင်းမောင်နှမတို့ကို လပြည့်၊ လကွယ်ညများ၌တွေ့ရတတ်ကြောင်းသိရှိရပါသည်။ ဘုရားတည်ထားကိုးကွယ်ခြင်းနှင့်ပါတ်သက်၍ ဆောင်ရွက်လုပ်ကိုင်ရမည့်လုပ်ငန်းများကို အဓိဋ္ဌာန်ဆောင်ရွက်ပါက နဂါးမောင်နှမမှအိပ်မက်ပေးလျှက်ရှိကြောင်း၊ မိမိအောင်မြင်လိုသောသမ္ပာအာဇီဝလုပ်ငန်းကိုဂူအတွင်းနဂါးမင်းဘုရားရှေ့တွင် အဓိဋ္ဌာန်ပါကဆုတောင်းပြည့်ကြောင်းအောင်မြင်သူများ၏ ပြောကြားချက်အရသိရှိရပါသည်။ မန္တလေးမြို့၊မဟာမြတ်မုနိပုံစံတူရုပ်ပွားတော်ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်၊ (၁၈)တောင်ပြည့် ကံထူတံခွန်စေတီတော် ဘုရားကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်၊ ဇမ္ဗုထွဋ်ခေါင်ပိတ်ချင်းမြောင် ရပ်တော်မှုဘုရားကိုလည်းဖူးတွေ့ရမှာပါ၊ လိုဏ်ဂူတော်အဆုံးမှကျောက်သားများထွင်းဖောက်၍ လေပေါက်ဖောက်ထားသည်ကိုတွေ့မြင်ရမှာဖြစ်ပါတယ် ထူးခြားဆန်းကြယ်လှပသော ပိတ်ချင်းမြောင်မဟာနန္ဒမှုလိုဏ်ဂူတော်သို့တခေါက်လာရောက်၍ဘုရားဖူးကြစေလိုကြောင်း ပတ္ထနာပြုအပ်ပါသည်။ ချောင်းချောက်ဂူမြောင် သုံးတွင်းတောင် သုံးအောင်ရေတံခွန် ကံထူးထွဋ်ခေါင် ပိတ်ချင်းမြောင် အောင်မြေနတ်လမ်းညွန်

No comments:

Post a Comment