ကျွန်ုပ်၏မိတ်ဆွေ
ဦးနေ၀င်းဆိုလျှင် ဘိုးမင်းခေါင်၏ အောင်ထူးဆန်းဂါထာတော်ကြီးကို ယုံယုံကြည်ကြည်ရွတ်သဖြင့်
ထောင်ကျမည့်ဘေး၊ ငွေကြေးအမြောက်အမြား ဆုံးရှုံးရမည့်ဘေးမှ လွတ်မြောက်ခဲ့ပုံကို ပြောပြသည်။
မဆလခေတ် ဆန်ရှားချိန်ပေါ့၊
တစ်နယ်နဲ့တစ်နယ် အရောင်းအ၀ယ်မလုပ်ရမယ့် ကန့်သတ်ပစ္စည်းတွေ ထားတယ်ဗျ၊ အဲဒါသယ်ရင် ရောင်းရင်
ဆိုရှယ်လစ်စီးပွားရေးစနစ် ဖျက်ဆီးတဲ့ပုဒ်မနဲ့ အရေးယူတာ၊ အဓိက ကတော့ ဆန်ပေါ့၊ ဆန်ကို
တစ်နယ်နဲ့တစ်နယ် မသယ်ရဘူး၊ မသယ်ရဘူးဆိုမှတော့ ဆန်ဈေးက ကောင်းပြီပေါ့၊ စီးပွားရေးတွေကပျက်
လုပ်စရာတွေက မရှိတော့ အဲဒီဆန်အရောင်းအ၀ယ်ကိစ္စကို စွန့်စားလုပ်ရတယ်၊ အမြတ်အစွန်းကလည်း
မက်လောက်တာကိုး
ဒီတော့ ကျုပ်နဲ့ ကျုပ်မိတ်ဆွေက မြစ်ဝကျွန်းပေါ်က
ဆန်ဝယ် အညာကို ကားအစီးလိုက်ပို့တယ် ရှာဖွေရေးစစ်ဆေးရေးဆိုတာ ပြောမနေနဲ့… တစ်မြို့ တစ်ဖွဲ့၊
တစ်ချို့နေရာတွေမှာ နှစ်ဖွဲ့ သုံးဖွဲ့၊ အဲဒီဂိတ်တွေကို ဖြတ်ရတာ၊ ငွေပေးလို့ရတဲ့ဂိတ်ရှိတယ်၊
မရတဲ့ဂိတ်ရှိတယ်၊ အဲဒီတုန်းက နာမည်ကြီး ပဲခူး တောင်ငူ၊ ဆန်ဆိုရင် အိတ်ပိုင်းလေးတွေ့တောင်
ဆွဲချတာ….
အဲဒီခရီးကို ကျုပ်က ကားစီးလုံးတင်သွားတယ်၊
ပိုင်လှချည်လားလို့မထင်နဲ့ ဘယ်သူ့မှမပိုင်ဘူး ကျုပ်ပိုင်တာက အောင်ထူးဆန်းဂါထာ၊ ဘိုးမင်းခေါင်ကို
ယုံတယ်၊ ဂါထာတောကို ယုံတယ်၊ အဲဒီအားကိုးနဲ့ တစ်ဂိတ်ပြီး တစ်ဂိတ်ဖြတ်တာ….
ဆန်အိတ်ဆို အိတ်ပိုင်းတောင်မထားဘဲ ဆွဲချတဲ့အဖွဲ့က
ကားတစ်စီးလုံး ဆန်အိတ်တင်လာတာ တွေ့မသွားဘူး၊ တစ်အိတ်နှစ်အိတ်မို့ မတွေ့ဘူးဆိုထား၊ ကားပေါ်မှာ
ဆန်ကလွဲပြီး ဘာမှမပါဘူး…. အပြည့်၊ အဲဒီဆန်ကိုမတွေ့ဘဲ ဘာတွေတွေ့လို့ သွားခိုင်းမှန်းမသိဘူး၊
ကျုပ်လည်း ၀မ်းသာလုံးဆို့ပြီး ကားဆရာကို မောင်းမောင်းလို့ အမြန်သတိပေးလိုက်တယ်…..
အဲဒါ
ကိုယ်တွေ့ပဲ…. ကျုပ်ယုံတာ ဒါကြောင့်ပဲ
အဘဘိုးမင်းခေါင်နှင့်ပတ်သတ်၍ ကိုယ်တွေ့အဖြစ်အပျက်ပြောပြသူက
များသည်။ သူတစ်မျိုး ကိုယ်တစ်ဖုံ။ သို့သော် အဘဘိုးမင်းခေါင်အကြောင်းကမူ ကွဲပြားနေသည်။
အဘဇာတိက စင်မြင့်ရွာ၊ ယခုထက်တိုင် စင်မြင့်ရွာတွင် ဆွေမျိုးတွေရှိသေးသည်။ အချို့နှင့်
အတူတူလုပ်ခဲ့သူတွေ၊ ထောက်ပံ့ခဲ့သူတွေ၊ အဘကျေးဇူးရှိဖူးသူတွေ ယုံလောက်သည့်အထောက်အထားနှင့်
ပြောသည်။ ဘယ်သူမှန်သည်၊ ဘယ်သူမှားသည် ငြင်းပွားစရာမလိုပါ၊ ၀ိဇ္ဇာအကြောင်းကို လူတွေနားမလည်နိုင်၊
ကိုယ်တိုင်တွေ့ဖူးသူရှိသလို ကိုယ်ပွားကိုတွေ့ဖူး သူလည်းရှိမည်၊ ဓာတ်ကိန်း၊ နာမ်ကိန်းနှင့်
ကြုံရသည်လည်းရှိမည်။ ယုံမှကြည်သည် ဆိုစကားအတိုင်း ယုံသူအတွက်သာ ကြည့်စေအေးစေသော သာဓကများရှိသည်။
မည်သို့ပင်ဆိုစေ…. သိဇ္ဇာအပေါင်းသည် သတ္တ၀ါများကိုကယ်တင်နိုင်ရန်အားထုတ်ရင်း သာသနာတော်ကြီးအစွန့်ရှည်အောင်
ကြိုးပမ်းနေသူများဖြစ်သည်ဟု ယုံကြည်လျှက် အဘဘိုးမင်းခေါင်ထေရုပတ္တိ ပြည့်စုံပြီဟု ပြောရပေတော့မည်
ဘိုးမင်းခေါင်၏ အောင်ထူးဆန်းဂါထာတော်
ဘိုးမင်းခေါင်
အောင်ထူးဆန်း၊
မန်းသိုက်ဝင်
ထင်ကျော်သောင်း၊
ဆောင်းထီးဖြူ
လူထိပ်မိုး၊
ဟိုးဟိုးကျော်
ကျော်ဝှမ်းတက်၊
ဘက်မရှောင်
ခေါင်ဘုန်းကြီး၊
ထီးရွှေနန်း
မင်းက္ကန္ဒရာဇာ
ဧဟိ ဧဟိ။
ငါတို့ရှိရာ
စီးပွားလာလော့၊
ငါတို့ရှိရာ
ကြီးပွားလာလော့၊
ငါတို့ရှိရာ
ပညာလာလော့၊
ငါတို့မှန်း၊
တစ်ရာ့တစ်ပါး၊
လူမျိုးရှားတို့၊
ကျော်ရန်နှိမ်နင်း၊
စောရန်ခွင်း၊
မငြင်းမဆန်
မခံမငံ့၊
လွန်ကြောက်ရွံ့သား။
တစ်စကြ၀ဠာလုံး၊
တစ်ကမ္ဘာလုံး၊ တစ်ပြည်လုံး၊
တစ်မြို့လုံး၊
တစ်ရွာလုံး၊ တစ်မိသားစုလုံး၊
လက်ရုံးတန်းကာ
(အောင်စေသောဝ်
အောင်စေသောဝ် အောင်စေသောဝ်)
အောင်ချာပေါ်ထွန်း၊
အောင်ဘုန်းကျွန်းထက်
အောင်ပန္နက်ဖြင့်၊
အောင်ပန်းပန်ပြီး
အောင်စည်တီး၍၊
အောင်ချီးရန်ပ၊ အောင်ပန္နက်ချကာ
(အောင်ပါစေသေ၀်
အောင်ပါစေသောဝ် အောင်ပါစေသောဝ်)
ချမ်းသာအေး၊
ဆောင်းထီးဖြူ
လူထိပ်မိုး၊
ဟိုးဟိုးကျော်
အောင်နန်းထိုက်၊
ပြိုက်ပြိုက်စိုး
ဓူဝံကြယ်၊
ကောင်းကင်ဆွတ်
ပြည့်ပြည့်စုံ၊
ချမ်းသာကြီး၊
ဟည်းဟည်းတိုက်၊
မောင်မောင်တိုး၊
အိုးစလင်း၊
တင်းတောင်းပြည့်၊
မိုးပေါ်ပျံ၊
ရှင်ထိပ်မိုး၊
ကုဋေကြွယ်၊
ဝကုံပြည့်
ကျန်းကျန်းမာ၊
ရောဂါကင်း
ပြိုင်ဘက်ကင်း၊
အသက်ရှည်
ဟံတစ်လုံး၊
ပတ်ရှစ်လုံး
မိုးထိအောင်
ပျော်လိုက်ပြီး၊
ဗုဒ္ဓေါဆောင်အောင်ပြီ
ဗုဒ္ဓေါဆောင်အောင်ပြီ၊
ဗုဒ္ဓေါဆောင်အောင်ပြီ။
အောင်ဘေရီခေတ်၊
အောင်မောင်းကျော်၍
အောင်တော်မူမြဲ၊
အောင်စစ်ပွဲ အောင်မြဲဓမ္မတာ၊
အောင်အတိတ်
အောင်နိမိတ်ဖြင့် အင်းဝမင်းခေါင်
သိဒ္ဓိဆောင်သည်၊
စဓဗ၀၊ ဘက်စင်ပြိုင်ကင်း
စ,မအင်းဖြင့်၊
ငါ မင်းကရား၊ လက်ပြန်တားသည်။
အောင်သိဒ္ဓိ
သိဒ္ဓိ၊ မဟာသိဒ္ဓိအပေါင်း
ထောင်သောင်းမက
တည်စေသတည်း
တည်စေသတည်း၊
တည်စေသတည်း။
မ,တ,ရ မတဘဲနဲ့ရ၊
မ,တ,ဝ မတဘဲနဲ့ဝ၊
အောင်ရမည်
အရဟံ၊ အောင်ရမည် အရဟံ
အောင်ရမည်
အရဟံ။
(ဇိတံမေ အောင်ပြီ)၃
(အောင်ပြီ)၃ ဟေ့။
ဤအောင်ထူးဆန်းဂါထာကို
ဖတ်လိုက်ရရုံဖြင့် ၀ိဇ္ဇာမိုရ်ကြီး အောင်မင်းခေါင်ကိုမြင်ယောင်ကြပေသည်။ ပုဆိုးကွက် ထောက်၊
အတွင်းခံအင်္ကျီမပါဘဲ တိုက်ပုံ အင်္ကျီရင်ကွဲကိုဝတ်လျက် တင်ပျဉ်ချိတ်ထိုင်နေသော ၀ိဇ္ဇာမိုရ်ကြီးပုံလည်း
မြင်ယောင်မိသည်။ ခေါင်းတုံးဆံတောက်၊ ကျယ်ပြန့်သည့်နဖူးပြင်၊ ထူထဲသောမျက်ခုံးကြီး ကုပ်လျက်
မှုန်တေတေမျက်နှာလေးနှင့် ၀ိဇ္ဇာမိုရ်ကြီးကို မြင်ယောင်ကြမည်။
ပုတီးမဆောင်၊ တောင်ဝှေးမပါ၊ လွယ်အိတ်မလွယ်၊
ရေနွေးကြမ်းခွက်ကြီးကိုင်ထားသည့် တောသားလယ်သမားအသွင် ၀ိဇ္ဇာမိုရ်ကြီးပုံကို မြင်ယောင်လိမ့်မည်
ဤသို့ အဆောင်အယောင် အခမ်းအနားမရှိဘဲ၊ ထည်ထည်ဝါ၀ါမရှိဘဲ၊ ဟိတ်ဟန်မရှိဘဲ နေထိုင်ပုံက
တစ်မူထူးခြားနေသည်။ ပုဂ္ဂိုလ်ထူးကြီးနှင့် မတွေ့ဖူးသော်လည်း တွေ့ဖူးကြုံဖူးသူများစကားဖြင့်
စိတ်ဝင်စားမိသည်။ အထူးသဖြင့် အောင်ထူးဆန်းဂါထာကို ရွတ်ပြသူနှင့် တွေ့ရချိန် စိတ်ဝင်စားမူပိုလာသည်။
ထို့ကြောင့် ရှေ့မီနောက်မီ အဘွားအိုတစ်ဦးကို မေးကြည့်ဖူးသည်။
အင်း…… မီတာပေါ့၊
မီတယ်ဆိုတာထက် အနီးကပ်မြင်ဖူးပြီး စကားတောင်ပြောဖူးတယ်၊ ဆေးဝါးအကူအညီတောင် ရဖူးတယ်၊
ဒီလိုကွဲ့…….အမေ့ချွေးမက မီးမဖွားနိုင်လို့ အလူးအလဲဖြစ်နေတာ သုံးလေးရက်ရှိနေပြီ၊ အော်လိုက်ညည်းညူလိုက်တာလည်း
မပြောနဲ့၊ အဲဒီတုန်းက ခုခေတ်လိုဆရာဝန်တွေကလည်း မပေါဘူး ဆေးရုံဆေးခန်းလည်းမနီးဘူး ဒီတော့
အရပ်လက်သည်နဲ့ဖွားရတာလေ လက်သည်ကမနိုင်တော့ဘူး၊ မီးမဖွားနိုင်တာနဲ့ ဆုံးရတော့မယ့်အခြေအနေဖြစ်နေပြီ
အားလုံးကလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေချိန်မှာ အိမ်နီးနားချင်းအမျိုးသမီးက အဘဆီသွားပါလား၊
အဘကတော့ ကယ်နိုင်လိမ့်မယ်လို့ အကြံပေးတယ်၊ အဲဒီအချိန် ၀ိဇ္ဇာမိုရ်ကြီးက ရွှေတဂုံအလယ်ပစ္စယံမှာ
မဏ္ဍပ်ကြီးထိုးပြီး ဝေနေယျသတ္တ၀ါတွေ ကယ်တင်နေချိန်၊ လာတဲ့လူတွေကလည်း ကြက်ပျံမကျ စည်ကားတယ်ဆိုတာ
ကြားနေရတယ်၊ ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ သွားဖို့လည်း သတိမရပါဘူး၊ မိတ်ဆွေအကြံပေးတော့
သွားရင်ကောင်းမလား မသွားရင်ကောင်းမလား ချီတုံချတုံဖြစ်နေတယ်၊ ဘတ်စကားနဲ့လိုက်ရင် အဘွားနှစ်နာရီ
အပြန် နှစ်နာရီ လေးနာရီကြာမယ်၊ ဟိုမှာစောင့်ရရင် ငါးနာရီလည်း ဖြစ်ချင်ဖြစ်သွားမယ်၊
ခြောက်နာရီ ခုနှစ်နာရီဖြစ်ချင်ဖြစ်မယ် လူနာက အဲဒီထိခံမလား စဉ်းစားနေတာပေါ့………
ဝိုင်းတိုက်တွန်းတော့ ဆေးပေးရင် ထည့်ဖို့ဆိုပြီး
လက်ဖက်ရည်အကြမ်းပန်းကန်တစ်လုံး ကောက်ယူသွားတယ်၊ တိုတိုပြောရင် အဘဓာတ်နန်းရောက်သွားတယ်၊
အကျိုးအကြောင်းပြောပြတော့ အမေ့ကို သေသေချာချာကြည့်ပြီး နောက်ကျလိုက်တာ၊ ဒီမှာ ဓာတ်စခန်းသိမ်းပြီး
နောက်နေ့ပုပ္ပါးသွားတော့မှာကွဲ့ကဲ ကဲ…….ယူပြီးပြန်၊ နောက်ကျလိုက်တာလို့ပြောတယ်၊ အဲဒီတစ်ကြိမ်ပဲ
ကြုံဖူးပါတယ် အဘွားပြန်ရောက်တော့ ချွေးမကဆုံးနေပြီ အဘပေးတဲ့ဆေးလည်း မတိုက်လိုက်ရပါဘူး၊
လာတာ နောက်ကျတယ်လို့ပြောတာ ဒါကြောင့်လား၊ တစ်ခြားကိစ္စလားလို့ တွေးမိတယ် မကြာဘူး အဘပုပ္ပါးမှာ
အသေထွက် ထွက်သွားပြီလို့ သတင်းကြားရတယ်………
(မြန်မာ သက္ကရာဇ်
- ၁၃၁၄ တော်သလင်းလပြည့်ကျော်(၂)ရက်၊ညနေ(၄)နာရီ(၁၅)မိနစ်အချိန် ပုပ္ပါးတောင်ကလပ်မှာ ဘ၀ထွက်ရာလမ်း
ကြွမြန်းတယ်) အလာနောက်ကျတယ်ဆိုတာ ဒီကိစ္စကို ရည်ညွန်းတာလား ဘာမှန်းကိုမသိပါဘူး အဘွားဒေါ်သန်းပြောပြတော့
တွေးစရာတွေဖြစ်လာသည်။ အကယ်၍များ အဘပေးလိုက်တဲ့ဆေး လူနာသောက်ရရင် ကလေးရောလူကြီးပါ အသက်ရှင်လေမလား၊
ဘာလားညာလား စဉ်းစားစရာဖြစ်ခဲ့ပါတယ်။
No comments:
Post a Comment